Pages

Thursday, December 25, 2014

The Interview (2014) Full Movie ၀င်ရောက်ကြည့်ရှု့နိုင်ပါသည်

ဒီဇာတ်ကားအကြောင်း အားလုံးသိပြီးသားဖြစ်မှာပါ..မြောက်ကိုရီးယားနိုင်ငံ သမ္မတ ကင်ဂျုံအမ်းအား လုပ်ကြံသည့် အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားသာဖြစ်ပါတယ်

“ The Interview ကို အင်တာဗျူးကြည့်ခြင်း ”
.
ဒေ့ဗ်စကိုင်းလာ့ခ် - Dave Skylark နဲ့ သူရဲ့ထုတ်လုပ်သူ အက်ရွန်ရက်ပါပို့ - Aaron Rapoport တို့ ( ၂ ) ဦး ဟာ “ Skylark Tonight ” ဆိုတဲ့ TV အစီအစဉ်ကို မောင်းနှင်ပါတယ်။ အောင်မြင်တဲ့ ဒီ TV Interview အစီအစဉ်ကို အဝေးကနေကြိုက်နှစ်သက်တဲ့ မြောက်ကိုးရီးယားသမ္မတ ကင်ဂျုံအန်းဟာ တစ်နေ့မှာ အင်တာဗျူးပေးဖို့ ဆက်သွယ်လာရာကနေ သူတို့ ( ၂ ) ဦးဟာ မြောက်ကိုးရီးယားကို အထူးဖိတ်ကြားခံရတဲ့ အမေရိကန်ဂျာနယ်လစ်တွေ ဖြစ်လာခဲ့တယ်။ ခရီးစဉ် မစ,ခင်လေးမှာ CIA ရဲ့ လျှို့ဝှက်ညွှန်ကြားမှုကြောင့် အသားကပ်ပလာစတာအဆိပ်တစ်မျိုးနဲ့ လုပ်ကြံဖို့အစီအစဉ်ကိုလက်ခံခဲ့မိတယ်။
.
အတေ့အလွဲလေးတွေဖြတ်သန်းရင်း နောက်ဆုံးမှာ သမ္မတကင် နဲ့ စကိုင်းလာ့ခ် တို့ အင်တာဗျူးဖြစ်မြောက်ခဲ့တယ်။ ဒါပေမယ့်ထင်ထားသလို ကြိုတင်မေးခွန်းကိုကျော်ဖြတ်ပြီး လျှာသွက်/အာသွက်တဲ့ Interviewer ဒေ့ဗ် ရဲ့ ချောင်ပိတ်တဲ့မေးခွန်းလှိုင်းတွေအောက်မှာ သမ္မတကင် စိတ်လှုပ်ရှားပြီး အမှားတစ်ခုကို ကျူးလွန်မိတော့တယ်။ ဒါကတော့ စိတ်မထိန်းနိုင်ပဲ အင်တာဗျူးသူကို သေနတ်နဲ့ပစ်သတ်လိုက်တာပါပဲ။ ကျည်ကာအကျီင်္ဝတ်ထားတဲ့ ဒေ့ဗ် ဟာ လွတ်မြောက်သွားရုံမက အက်ရွန် နဲ့ အတူ ကွန်မြူနစ်နိုင်ငံက လွတ်မြောက်ဖို့ ပြေးကြ လွှားကြရင်း နောက်ဆုံးမှာ သမ္မတကင်ကိုယ်တိုင်ပါတဲ့ ရဟတ်ယာဉ်ကို ဖျက်ဆီးပစ်လိုက်နိုင်တဲ့ဇာတ်ကွက်နဲ့ ရုပ်ရှင်ကို အဆုံးသတ်ထားပါတယ်။
.
.
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ဒီလောက်ပါပဲ။ ဒေ့ဗ် အဖြစ် James Franco သရုပ်ဆောင်ထားပြီး အက်ရွန်နေရာမှာ Seth Rogen တို့က သရုပ်ဆောင်ထားတယ်။ ပြသချိန် ( ဝ၁:၅၃ ) နာရီ ကြာမြင့်ပြီး အပြေးအလွှား နဲ့ ဟာသအနည်းငယ်ရောထားတဲ့ ဟောလီဝုဒ်ရုပ်ရှင်ကားကို Google Play Store ကနေ ( ၅.၉၉ ) ဒေါ်လာပေးပြီး ခရစ္စမတ်နေ့မရောက်ခင် ( ၁ ) ရက်အလိုမှာ မိသားစုနဲ့အတူ ကြည့်ဖြစ်ပါတယ်။
.
ရုပ်ရှင်အရည်အသွေးက ပြောစရာမလိုအောင်ကောင်းမွန်ပြီး ဟောလီဝုဒ်အငွေ့အသက် အပြည့်အဝပါတဲ့ ( R ) အမျိုးအစား ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ( ၂ဝ၁၄ ) ဒီဇင်ဘာ ( ၂၄ ) ရက်နေ့မှာ ရေးသားသူ ( ၄၆၉၂ ) ဦးရဲ့ Review Rating 4.6 ရရှိထားတာ တွေ့ရပါတယ်။
.
.
သုံသပ်ချက်အနေနဲ့ .. ဒီရုပ်ရှင် ရုံမတင်ခင်ရက်ပိုင်းလေးတင် ဆိုက်ဘာခြိမ်းခြောက်မှုကြောင့် ဆိုနီကုမ္ပဏီက ရက်ရွှေ့ဆိုင်းလိုက်ရတာကို သတင်းဖတ်သူများသတိထားမိကြပါလိမ့်မယ်။ အမေရိကန်သမ္မတ က ရုပ်ရှင်အကြောင်းဇာတ်လမ်းအကြောင်း ဝေဖန်မပြောပေမယ့် ဒီလိုခြိမ်းခြောက်မှုကြောင့် ဆိုနီဟာ ခြေလှမ်းတစ်ခုမှားသွားပြီလို့ စိတ်ပျက်စွာ မှတ်ချက်ပေးခဲ့တယ်။ ဒါကို ဆိုနီဥက္ကဋ္ဌက သူတို့ဟာ ဆိုက်ဘာတိုက်ခိုက်မှုကို ကြောက်ရွံ့တာမဟုတ်ပဲ ဒီဇာတ်ကားကိုရုံတင်ဖို့ ပြသနဲ့နည်လမ်း Platform တစ်ခုကို အထူးအလေးပေး ရွေးချယ်နေတယ်လို့ တုံ့ပြန်လာခဲ့တယ်။ များမကြာမီနာရီပိုင်းလေးအတွင်းမှာ ရွေးချယ်ထားတဲ့ ရုပ်ရှင်ရုံတစ်ချို့နဲ့ အင်တာနက်အွန်လိုင်းမှာ အခပေးကြည့်နိုင်မယ့်ရက်ကို ဆိုနီ က ကြေငြာခဲ့တယ်။ ထိုတစ်နေ့ဟာ ကမ္ဘာ့အရှေ့ဖက်ခြမ်းမှာ ခရစ္စမတ်နေ့ကျင်းပနေချိန် အနောက်ဖက်ခြမ်းရဲ့ ဒီဇင်ဘာလ ( ၂၄ ) ရက်နေ့ ဖြစ်ပါတယ်။
.
သိသာထင်ရှားတာတစ်ခုက ဆိုနီဟာ ဂျပန်ပိုင်ဖြစ်ပေမယ့် တစ်ကမ္ဘာလုံးရဲ့ ရုပ်ရှင်ထုတ်လုပ်မှုကိုကိုယ်စားပြုတယ်လို့ အမေရိကန်တို့က ခံယူထားပါတယ်။ ဒါကြောင့် ဆိုနီကိုတိုက်ခိုက်တာဟာ အမေရီကန်ကို ရိသဲ့သဲ့လုပ်တာမို့ မခံမရပ်နိုင်ဖြစ်နေကြတယ်။ ဒါပေမယ့် စဉ်းစားကြည့်ကြပါ .. ဆိုနီဟာ အလှူကြီးပေးတဲ့ကုမ္ပဏီမဟုတ်ပါဘူး။ စီးပွားရေးလုပ်နေတာပါ။ ရုံပေါ်မှာ လူတွေသွားရောက်ကြည့်ရှုခွင့်မရှိတော့ဘူးလို့ပြောလိုက်တဲ့အခါ ကျွန်တော့လို ကပ်စေးနည်းတဲ့ တောင်ကြီးက ကုန်သည်တစ်ယောက်မှာ စိတ်ဝင်စားမှုပိုပြိး ပိုက်ဆံပေးကြည့်ဖို့ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ အိမ်မှာနေတဲ့ အမေရိကန်တွေရဲ့ အိပ်ကပ်ထဲက ငွေကို ရအောင်နှိုက်ယူနိုင်တဲ့ လုပ်ငန်းရှင် Sony ဆိုတာ သတိထားမိရင် သူ့ရဲ့ဈေးရောင်းနည်းပညာ Strategy ကို ပါးပါးလေး သတိထားမိနိုင်ပါတယ်။
.
နောက်တစ်ခု ဆိုက်ဘာတိုက်ခိုက်ခံရတဲ့အချိန် သမ္မတနဲ့ ကမ္ဘာ့နေရာအရပ်ရပ်က လက်သည်တရားခံဘယ်သူဆိုတာ စိတ်ဝင်စားနေကြတဲ့အချိန် ဆိုနီက လူတိုင်းကြည့်နိုင်မယ့်အစီအစဉ်ကိုသာ အာရုံစိုက်နေခဲ့တယ်။ ဒါကြောင့် သူ့ရဲ့အောင်မြင်တဲ့ PlayStation Platform အပြင် ကမ္ဘာတစ်ဝှမ်း ဆင်းရဲချမ်းသာမရွေးလက်လှမ်းမီတဲ့ Google ရဲ့ လက်တက်ကြီးတွေဖြစ်တဲ့ YouTube နဲ့ Google Movie တွေကနေ တစ်ချက်တည်းနဲ့ ငှက်များစွာကို ပစ်ချခဲ့တယ်လို့ အများက သုံးသပ်နေကြပါတယ်။ အမှန်က ဆိုနီဟာ ရုပ်ရှင်ကုန်သည်ကြီး တစ်ဖြစ်လည်း ဟောလီဝုဒ်ဈေးသည် ဆာမူရိုင်းအုပ်စုဆိုတာ မမေ့သင့်ပါ။
.
ရုပ်ရှင်ထဲမှာ မနှစ်သက်စရာတွေအနည်းငယ်ပါပေမယ့် လူသားအငွေ့အသက်တွေများစွာတွေ့ရပြန်တယ်။ စကားဆို စိတ်ထဲပါပါ မပါပါ လျှာပေါ်လေဝဲပြောတဲ့ အမေရိကန်စကားပြောပေါက်ကို ဘယ်သူမှမမီပါဘူး။ တစ်ဦးတစ်ယောက်က ဘယ်လိုတွေမမှန်တာတွေလုပ်ခဲ့ လုပ်ခဲ့ လူချင်းကိုယ်တိုင်တွေ့တဲ့အခါ “ မင်းလုပ်သလား ? ဟုတ်ရဲ့လား ? ” လို့ မေးပြီးမှ ယုံချင်တယ်။ ဒီလူက အခုကောင်းတာလုပ်ပြီဆိုရင် ဒုတိယအခွင့်အရေးပေးချင်တယ်။ အဲ .. သူတို့လက်တွေ့မှာ ယုံပြီဆိုတဲ့လူ လိမ်သွားပြီ ဆိုရင်တော့ မခံမရပ်နိုင်အောင် ဆန့်ကျင်ကြတယ်။ တရားမျှတမှုကို မြတ်နိုးတယ်။ အမှန်ကို အမှန်အတိုင်းရင်ဆိုင်တာကို လိုချင်တယ်။ ပြီးတော့ သိတဲ့အတိုင်း ဟောလီဝုဒ်ကားဆိုတော့ မိသားစုအတူထိုင်ကြည့်ဖို့ခက်တဲ့ လူကြီးကြိုက်အခန်းအနည်းငယ်တော့ မပါရင် မဖြစ်ပေဘူး။
.
ဇာတ်ဝင်ခန်းထဲမှာ နာမည်ကျော်အဆိုတော် Eminem နဲ့အင်တာဗျူးမှာ “ ခင်များ ဘယ်လိုမျိုးတွေကို Rap စာသားလုပ်ဆိုလဲ? မုန်းတဲ့သူတွေကိုလား? ” ဆိုတဲ့ ဒေ့ဗ် ရဲ့ အမေးကို “ ကျွန်တော်မုန်းတဲ့သူတွေကို Rap လုပ်မဆိုပါဘူး။ ကျွန်တော်ကြောက်တဲ့အရာတွေကိုသာ Rap စာသားလုပ်ပြီး သီချင်းထဲထည့်ဆိုတာပါ ” ဆိုပြီး “ Hate ” နဲ့ “ Fear ” ကို ခွဲခြားပြသွားတဲ့အဖြေကို နှစ်သက်မိတယ်။ ထို့အတူပဲ .. သမ္မတကင်ရဲ့ အထူးအားကိုးရတဲ့ ဘယ် နဲ့ ညာ လက်ရုံး ( ၂ ) ယောက်သေဆုံးသွားတဲ့အခါ Kim ရဲ့ ဆောက်တည်ရာမရတဲ့ “ Fear ” ကို ပုံဖော်ထားတာ ပီပြင်လှပါတယ်။
.
ဒီအင်တာဗျူးကိုလက်ခံ မခံစဉ်းစားဖို့ အက်ရွန်တို့ ( ၂ ) ယောက်ကို အချိန် ( ၂၄ ) နာရီပဲ ပေးထားတယ်။ မြောက်ကိုးရီးယားဖက်က ကြိုတင်ချပေးတဲ့မေးခွန်းကိုပဲမေးရမယ်ဆိုတော့ ထုတ်လုပ်သူက လက်မခံချင်ဘူး။ ဒီိအချိန်မှာ ဒေ့ဗ် က “ လက်ခံရမယ်။ ငါတို့ ဒီအင်တာဗျူးကိုလက်ခံရမယ်။ ဒါဟာ ငါတို့သမိုင်းမှာ အကြီးအမားဆုံးမှတ်တိုင်ဖြစ်ရမယ်။ ဂျာနယ်လစ်တွေရဲ့ ပထမဆုံးလုပ်ရမယ့်အလုပ်က အင်တာဗျူးဖြေချင်အောင် ဖြေချင်တာ ဖြေခွင့်ပေးတာပဲ ” ဆိုတဲ့စကားဟာ လက်ရှိအမေရိကန်နိုင်ငံခြားရေးမူဝါဒနဲ့ ကိုက်ညီနေပြန်တယ်။ ဟုတ်ပါတယ် .. အစပိုင်းမှာ အမေရိကန်တွေ ဘယ်ကိစ္စကိုမှ သဘောမတူဘူးပြောလေ့မရှိပါဘူး။ နောက်ပိုင်းကျမှသာ သူတို့လိုရာကို ဆွဲဆောင်စည်းရုံးပြီး စီးပွားရေး၊ နိုင်ငံရေးအမြတ်ထုတ်တာ မြင်ကြ သိလာကြရစမြဲပါ။
.
.
ဒီရုပ်ရှင်ကနေ ကြည့်ရှုသူတွေ ဘာရလိုက်သလဲ? ရှင်းပါတယ်။ Facebook ဘာသာစကားနဲ့ပြောရရင် ခံယူချက်အရ စည်းရုံလို့မရတဲ့ အာဏာရှင်ကို “ Poke ” လုပ်လိုက်ခြင်းလို့ပဲ ရိုးသားစွာမြင်မိတယ်။ အခုချိန်ဆို ဒီရုပ်ရှင်ကိုကြည့်ပြီးလောက်တဲ့ သမ္မတကင်လည်း ခုန်ဆွဆွ ဖြစ်နေလောက်ပါပြီ။ သူ့လိုအာဏာရှင် - Dictator တစ်ယောက်ဟာလည်း လူသားပါလားဆိုတာ ပါဝါစားလက်တစ်ဆုပ်ရော၊ ( ၉၉% ) သော ဆင်းရဲသားများကိုပါ သိစေချင်တာ ပေါ်လွင်နေပါတယ်။
.
.
ဒီပွဲမှာ အချောင်အမြတ်ထွက်သွားသူက ကြော်ငြာအင်အားနဲ့အောင်မြင်နေတဲ့ Search Engine ဘီလူးကြီး Google ပါ။ ပေါ်ပင်ရုပ်ရှင်အတွက်ရင်းနှီးထားတဲ့ ဒေါ်လာသန်း ( ၂ဝဝ ) ကို အရှုံးမခံပဲ တစ်နည်းနည်းနဲ့ရအောင်ပြန်ယူပြမှာက Sony ပါ။ ပီပီပြင်ပြင်ဇာတ်ဝင်ခန်းဆက်တင်တွေနဲ့ ဒီလို အများစိတ်ဝင်စားမှုအကြီးစားကို စုစည်းခံယူသွားသူကတော့ အများလိုက်မမီတဲ့ အမေရိကန်က ဟောလီဝုဒ်ဖြစ်ပါတယ်ဆိုတဲ့အကြောင်း “ The Interview ” ဇာတ်ကားကို အမြည်းပေးလိုက်ပါတယ်။
.
koko2yeye@gmail.com





အောက်ပါလင့်တွင် ကြည့်ရှု့ ဒေါင်းလုပ်ဆွဲနိုင်ပါသည်



1 comment:

  1. ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ

    ReplyDelete

Posts

Blogger Tips and TricksLatest Tips And TricksBlogger Tricks