ချာလီလို့ အင်္ဂလိပ်လို နာမည်ပေးထားတဲ့ ချန်ဒရာမိုဟန် မနိုဟာ ရှာမာဟာ
လမ်းဘေးရုံသွင်းတိုက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ Street Fighter
တစ်ယောက်ပါ။ သူ့ရဲ့ အန္တိမ ရည်မှန်းချက်ကတော့ သူ့အဖေ မနိုဟာ ရှာမာကို
ထောင်ချောက်ဆင်ပြီး ဒုက္ခပေးသွားတဲ့ ချာရန် ဂရိုဗာကို ပြန်လည်
လက်စားချေဖို့ပါ။ ဒီလို လက်စားချေနိုင်ဖို့ သူစောင့်နေတာ ၈ နှစ်
ရှိခဲ့ပါပြီ။
ချာလီရဲ့ အဖေ မနိုဟာ ရှာမာဟာ လုံခြုံရေး မီးခံသေတ္တာ ထုတ်လုပ်သူ
တစ်ယောက်ဖြစ်ပြီး သူနောက်ဆုံး တီထွင်ထားတဲ့ အဆင့်မြင့် မီးခံသေတ္တာထဲက
ဂရိုဗာရဲ့ ရှာလီမာ စိန်တွေ ပျောက်ဆုံးသွားတဲ့ အမှုမှာ အဓိက တရားခံအဖြစ်
ပြစ်ဒဏ်ကျခံခဲ့ရပါတယ်။ တကယ်တော့ ဒီမီးခံသေတ္တာဟာ မနိုဟာ တစ်ယောက်ထဲကသာ
ဖွင့်နိုင်တဲ့ အဆင့်မြင့် ဇီဝနည်းပညာ သုံးထားတာ ဖြစ်ပေမယ့် ချာရန်ဂရိုဗာက
ဆေးခတ်ပြီး လုပ်ကြံခဲ့လို့ အခုလို အဖြစ်ဆိုး ကြုံခဲ့တာ ဖြစ်ပါတယ်။
ချာလီကလည်း ရှာလီမာ စိန်တွေကို ပြန်လည်ခိုးယူပြီး ဂရိုဗာကို လက်စားချေဖို့
ကြံစည်ထားပါတယ်။
ချာလီဟာ နားတစ်ဖက်မကောင်းတဲ့ သူ့ညီဝမ်းကွဲ ဂျက်၊ အတက်ရောဂါရှိပြီး
ကောင်မလေးတွေ အသဲစွဲတဲ့ သူ့အဖေရဲ့ လုပ်ဖော်ကိုင်ဖက် တမ်မီ၊ ကောင်မလေးတွေက
အပေါင်းအသင်း မလုပ်ချင်တဲ့ ဂျက်ရဲ့ တူ ဟက်ကာ ဂျပိုး ရိုဟန်ဆင်း၊
ဂရိုဗာရဲ့သား ဗစ်ကီဂရိုဗာနဲ့ ရုပ်ချင်းဆင်တဲ့ အမူးသမား နန်ဒူ
ဘီဟိုက်တို့ကို စုစည်းပြီး လက်စားချေရေး ပြင်ဆင်ပါတယ်။ သူတို့ဟာ
ဒူဘိုင်းမှာ ရှိတဲ့ အတ္တလန်တစ်ပမ်း ဟိုတယ်မှာ ခင်းကျင်းပြသမယ့် စိန်တွေကို
ခိုးယူဖို့ ပုံစံတူတွေနဲ့ လေ့ကျင့်ကြပါတယ်။ သူတို့ရဲ့ ပြဿနာကတော့
အဲဒီနေ့မှာ သူတို့သွားရမယ့် အခန်းဟာ WDC လို့ခေါ်တဲ့ ကမ္ဘာ့အက
ချန်ပီယံပြိုင်ပွဲကြီးရဲ့ အသင်းတွေကို ပေးမယ့် အဝတ်လဲခန်း ဖြစ်နေတာပါပဲ။
အဲဒီအတွက်သူတို့ လုပ်ရမယ့် အလုပ်ဟာ အိန္ဒိယနိုင်ငံရဲ့ WDC ပြိုင်ပွဲမှာ
ဗိုလ်စွဲပြီး ဒူဘိုင်းကို သွားရဖို့ပါ။ ပြဿနာက သူတို့တွေ အနိုင်ရဖို့
အကတိုက်ကျင့်ရပါမယ်။ မဲကိုတော့ အွန်လိုင်းကနေ ပေးမှာ ဖြစ်တဲ့အတွက်
ရိုဟန်ဆင်းက စီမံပါလိမ့်မယ်။ တကယ်အကလေ့ကျင့်ဖို့အတွက် မိုဟီနီ ယိုရှိဆိုတဲ့
ဘားအကမယ်တစ်ယောက်ကို နန်ဒူရဲ့ အကူအညီနဲ့ ဆက်သွယ်မိပါတယ်။ မိုဟီနီနဲ့
ချာလီတို့ရဲ့ အကအဖွဲ့ဟာ အိန္ဒိယ WDC ရွေးပွဲကို အလွယ်တကူ အောင်မြင်ခဲ့ပေမယ့်
WDC ပြိုင်ပွဲမှာတော့ မလွယ်ကူတော့ပါဘူး။ ဒီကြားထဲ သူတို့ရဲ့ အကြံအစည်
အောင်မြင်ဖို့အတွက် စွန့်စားမှုတွေ လုပ်ခဲ့ပေမယ့် တလွဲတချော်တွေ
ဖြစ်လာတဲ့အခါ …
ချာလီအဖြစ် မင်းသား Shah Rukh Khan၊ နန်ဒူအဖြစ် မင်းသား Abhishek
Bachchan၊ မိုဟီနီအဖြစ် မင်းသမီး Deepika Padukone၊ တမ်မီအဖြစ် မင်းသားကြီး
Boman Irani၊ ဂျက်အဖြစ် မင်းသား Sonu Soodနဲ့ ရိုဟန်ဆင်းအဖြစ် မင်းသား
Vivaan Shahတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Happy New Year ဇာတ်ကားဟာ
ဒေဝါလီနေ့မှာ စတင်ဖြန့်ချိတဲ့ အိန္ဒိယ ဟာသအက်ရှင်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ
Farah Khan ရိုက်ကူးပြီး အိန္ဒိယရဲ့ နာမည်အကြီးဆုံး သရုပ်ဆောင်တွေ
ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကား ဖြစ်ပါတယ်။ မင်းသား ရှရွတ်ခန်းနဲ့ မင်းသမီး
ဒီပီကာတို့ဟာ Om Shanti Om ဇာတ်ကားနဲ့ Chennai Express
ဇာတ်ကားနှစ်ကားမှာလည်း အတူတွဲသရုပ်ဆောင်ဖူးပြီး တတိယအကြိမ်အဖြစ်
ထပ်မံဆုံတွေ့ကြတာ ဖြစ်ပါတယ်။
IMDb မှာ Rating 6.4 ရရှိထားပြီး အိန္ဒိယဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း
အကအလှတွေနဲ့ တန်ဆာဆင်ထားပါတယ်။ ရိုက်ကွင်းအများစုဟာ ဒူဘိုင်းက Atlantis,
the Palm ဟိုတယ်မှာ ရိုက်ကူးထားပြီး ဇာတ်လမ်းရိုက်ကူးနေစဉ်အတွင်း မင်းသား
ရှရွတ်ခန်း လက်မောင်းပြုတ်သွားခဲ့ပါသေးတယ်။ ဘောလိုဒ်ရုပ်ရှင်သမိုင်းမှာ
လောလောဆယ် Dhoom 3၊ Chennai Express နဲ့ 3 Idiots တို့နောက် နံပါတ် ၎
ဝင်ငွေအများဆုံးအဖြစ် ရပ်တည်နေပါတယ်။ ဒူဘိုင်းရဲ့ အလှအပတွေနဲ့
အိန္ဒိယအကတွေကို ဟာသနဲ့ အက်ရှင်တွေ ရောညှပ်ပြီး ရိုက်ကူးထားတာမို့ အတော်လေး
ကြည့်လို့ကောင်းပါတယ်။ စိတ်ပြေလက်ပျောက်၊ အပန်းဖြေ ကြည့်ချင်သူတွေ၊ ဟာသကား
ကြိုက်တတ်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကား တစ်ကားပါ။
Full Movie ကို okkala နိုင်ငံခြား ဗီဒီယိုများ folder ထဲတွင် ၀င်ရောက်ကြည့်ရှု့နိုင်ပါသည်