Pages

Wednesday, July 23, 2014


“အစ္စရေးတို့၏ Iron Dome “သံကွန်ချာအမိုး” ဒုံးခွင်းဒုံးစနစ်” အစ္စရေးတပ်မတော်သည် ဂါဇာမှ ပစ်ခတ်သည့် ရော့ကတ်များ လူနေထူထပ်သည့် မြို့ကြီးများအား မထိခိုက် စေရန် Iron Dome ဒုံးခွင်းဒုံးခွင်း စနစ်ဖြင့် ကြားဖြတ်ပစ်ချ ကာကွယ်လျက် ရှိသည်။ “သံကွန်ချာအမိုး” Iron Dome ဟု အမည်မှည့်ခေါ်ထားသော ဒုံးခွင်းဒုံးစနစ်သည် ဂါဇာဒေသမှ ပစ်လွှတ်လိုက်သော ရော့ကတ်များကို ကာကွယ်ရာတွင် ယမန်နေ့ကအထိရာနှင့်ချီသော ရော့ကက်များကို ကြားဖြတ်ပစ်ချပြီး ဂျေရုဆလင်၊ တဲလ် အဗစ်နှင့် အခြားမြို့ကြီးများကို ရော့ကတ် များ ကျရောက်ပေါက်ကွဲခြင်း မရှိအောင် ကာကွယ်ပေးနိုင်ခဲ့သည်ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အစ္စရေးတပ်မတော်သည် လူနေထူထပ်သည့်ဒေသများကို ဦးတည်လာသည့် ရော့ကတ်များကိုသာ Iron Dome စနစ်ဖြင့် ပစ်ချခဲ့ခြင်းဖြစ်ပြီး လူမရှိသည့်နေရာများကို ဦးတည်လာသည့် ရော့ကတ်များကို ပစ်ချခဲ့ခြင်း မလုပ်ခဲ့ပါ။ Iron Dome စနစ်သည် ရော့ကတ်များ ပစ်မှတ်ကို မထိမှန်မီ ဒုံးခွင်းဒုံးဖြင့် လေထဲတွင် ပစ်ခတ် ဖျက်ဆီးခြင်းဖြစ်သည်။ Iron Dome တပ်ဖွဲတစ်ခွဲလျှင် ပစ်ခတ်မှုထိန်းချုပ်ရေး ရေဒါတစ်ခုနှင့် အလွယ်တကူရွေ့ပြောင်းနိုင်သော ဒုံးပစ်လောင်ချာများ ပါဝင်ပါသည်။ Iron Dome စနစ်ကို အလွယ်တကူရွေ့ပြောင်းနိုင်ပြီး ရွေ့ပြောင်းနေရာ ချရန် နာရီအနည်းငယ်သာ ကြာပါသည်။ Iron Dome စနစ်တွင် ပါရှိသည့်ဒုံးများသည် ၁၀ ပေခန့်ရှည်ပြီး အချင်း ၆ လက်မခန့်ရှိ၍ အလေးချိန် ၁၉၈ ပေါင်ရှိကာ ၂၄ ပေါင်ရှိ သော ခွင်းကျည်ထိပ်ဖူး တပ်ဆင်ထားကြောင်း လုံခြုံရေး လေ့လာသည့် အဖွဲ့ဖြစ်သော IHS Jane's က ၂၀၁၂ တွင် ပြောခဲ့သည်။ ပစ်ခတ်နိုင်သော တာဝေးမှာ ၂ မိုင်ခွဲမှ ၄၃ မိုင်အတွင်းဖြစ်သည်။ Iron Dome စနစ်သည် မည်သည့်ရာသီဥတုအခြေအနေတွင်မဆို အလုပ်လုပ်နိုင်ကာ ရော့ကတ်များစွာကို တစ်ချိန်တည်း တစ်ပြိုင်တည်း ပစ်ချနို်င်သည်ဟု ဆိုသည်။ Iron Dome စနစ်ကို ၂၀၀၇ ခုနှစ်တွင် စတင်တီထွင်ခဲ့ခြင်းဖြစ်ကာ ၂၀၀၈ ၊ ၂၀၀၉ ခုနှစ်များအတွင်း စမ်းသပ်မှုများပြုလုပ်ခဲ့ပြီး ပထမဆုံးတပ်ခွဲကို အစ္စရေးတောင်ပိုင်းတွင် ၂၀၁၁ ခုနှစ်က ဖြန့်ကျက်ချထား ခဲ့သည်။ Iron Dome စနစ်သည် စတင် အသုံးပြုခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း ရော့ကတ်များအား အောင်မြင်စွာ ကြားဖြတ်ပစ်ချနိုင်မှုမှာ ၇၀% ရှိသည်ဟု အစ္စရေးလေတပ်၏ အဆိုအရ သိရှိရသည်။ [http://edition.cnn.com/] အစ္စရေးနိုင်ငံသည် ဤကဲ့သို့သော စစ်ရေး တိုက်ခိုက်မှုများကို ကြိုတင်မျှော်တွေးလျက် အမေရိကန် ကာကွယ်ရေးဌာနနှင့် ပူးပေါင်းကာ လေဆာရောင်ခြည်သုံးဒုံးခွင်းဒုံးစနစ်ကို သုတေသနပြု အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း အမေရိကန်ဘက်မှ ဘတ်ဂျက် ကန့်သတ်ချက်များ အရ အဆိုပါစီမံကိန်း ရပ်ဆိုင်းခဲ့ရသည်။ ထိုသို့ ရပ်ဆိုင်းခဲ့ရသော အချိန်တွင် ဟဇ်ဘိုလာ ပြောက်ကျားတပ်ဖွဲ့များ၏ ရော့ကက်မိုးနှင့် တွေ့ကြုံရင်ဆိုင်ခဲ့ရပြီး များစွာ အထိနာခဲ့ရသည်။ နေရာပေါင်းစုံမှ ရော့ကက်မျိုးစုံ ဒလစပ်ပစ်ခွင်း၍ ဒုံးကျည်မိုးရွာချခဲ့သော ဟဇ်ဘိုလာတို့၏ တိုက်ခိုက်မှုကြောင့် အစ္စရေးပြည်သူများနှင့် အရပ်ဘက်ပစ်မှတ်များ ထိခိုက်ဆုံးရှုံးခဲ့ရကာ အစ္စရေးတပ်မတော် သိက္ခာကျ နာမည်ပျက်ခဲ့ရသည်။ ဟဇ်ဘိုလာစစ်ပွဲအလွန် အစ္စရေးတပ်မတော် အနေဖြင့် နေရာစုံမှ မိုးရွာချသလို ရော့ကက်များ ပစ်ခွင်းလာမည့် အန္တရာယ်ကို ကြိုတင် မျှော်မှန်း၍ ဤ “သံကွန်ချာအမိုး” Iron Dome ဒုံးခွင်းဒုံးစနစ်ကို အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။ ကုန်ကျစရိတ်သက်သာပြီး မိမိနိုင်ငံ၊ မိမိပြည်သူများကို ထိရောက်အောင်မြင်စွာ အကာအကွယ် ပေးနိုင်ကြောင်း လက်တွေ့ပြသနေပြီ ဖြစ်သော “သံကွန်ချာအမိုး” Iron Dome ၏ သရုပ်ဖော် ဗီဒီယို ဖိုင်အား စစ်မှုရေးရာနှင့် စစ်ဘက်နည်းပညာ စိတ်ဝင်စားသူများ သိရှိနိုင်ရန် မျှဝေလိုက်ရခြင်း ဖြစ်ပါသည်။ Hmuu Zaw

No comments:

Post a Comment

Posts

Blogger Tips and TricksLatest Tips And TricksBlogger Tricks